Assalamu-alaikum.
ကျွန်တော်ဟာ အသက် ၅၂ နှစ်အရွယ် မလေးရှားနိုင်ငံဖွား တစ်ဦးဖြစ်ပြီး အခြားဘာသာတရားများကို လက်ခံလေးစားပြီး လူမျိုးစုံ၊ အယူဝါဒစုံအကြားတွင် သင့်မြတ်နေထိုင်ကြီးပြင်းလာသူ တစ်ယောက်ဖြစ်ပါတယ်။ ဘာသာတရား အသီးသီးဟာ ဖန်ဆင်းရှင်တစ်ဆူတည်းကို ဦးတည်သော မတူညီသည့် နည်းလမ်းများအဖြစ် ရှုမြင်ပါတယ်။ ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ ၁၉၇၀ပြည့်လွန်နှစ်များမှ စ၍ ဝဟာဗီအယူအဆကို ကမ္ဘာအနှံ့အပြားသို့ တင်ပို့ဖြန့်ချီခဲ့ပြီး အစ္စလာမ်သာသနာကို အကြမ်းဖက်၊ အစွန်းရောက်သာသနာအဖြစ် ပုံဖေါ်စေခဲ့ပါတယ်။
အကျိုးဆက်အနေဖြင့် အစ္စလာမ် သာသနာရဲ့ မူရင်းအနှစ်သာရများဟာ တစ်နေ့တခြား ယိုယွင်းပျက်ပြားလာပြီး လူသတ်မှုများ၊ အသေခံဗုံးခွဲမှုများ၊ ဂိုဏ်းဂနအစွဲများနှင့် အမုန်းတရားများကို နေရာ အနှံ့အပြားမှာ မြင်တွေ့လာနေရပါတယ်။ ဤကဲ့သို့ အစ္စလာမ်အမည်ကို ခံယူပြီး ဆိုးရွားသော လမ်းကြောင်းပေါ်သို့ ဆွဲတင်နေသော အခြေအနေကို လုံးဝလက်မခံနိုင်တော့ပါ။ မွတ်စ်လင်မ်ကမ္ဘာဟာ အပြောင်းအလဲကို လိုအပ်နေပြီး အသင်ဘုရင်မင်းမြတ်ဟာ ဤအခြေအနေဆိုးမှ ဆွဲထုတ်နိုင်မည့် အကောင်းဆုံးသော အခြေအနေတွင် ရှိနေသူဖြစ်ပါတယ်။
ကျွန်တော်ငယ်စဉ်က ကဗျာလင်္ကာများ၊ မေတ္တာသံစဉ်များ ရွတ်ဆိုချီတက်ခဲ့ရသော တမန်တော်မွေးနေ့အခန်းအနားများကို သတိရနေမိပါတယ်။ ယခုအခါမှာတော့ တမန်တော်မွေးနေ့ အခန်းအနားဟာ အမေရိကန်ကဲ့သို့ နိုင်ငံမှာပင် မလုပ်ကောင်းသော အခန်းအနားတစ်ခုအဖြစ် သတ်မှတ်လာပြီး ဝဟာဗီအယူအဆအရ မွေးနေ့ထက် သေနေ့ဖြစ်ကြောင်းကို အလေးပေးပြောဆိုလာပါပြီ။ ထိုပညာရှင်များကပင် ကျမ်းမြတ်ကွရ်အာန်အား စူးစမ်းလေ့လာခွင့်၊ ကျမ်းမြတ်ကွရ်အာန်နှင့် လူသားများအတွက် ဘဝလမ်းညွှန်ဖြစ်သော ဟဒီးစ်တော်များအကြား အကွဲအလွဲများကို ဆွေးနွေးခွင့် .... စသည်တို့ကို ပိတ်ပင်လာပါပြီ။
ကျမ်းမြတ်ကွရ်အာန်က အမျိုးသမီးများကို တစ်ဆင့်နိမ့်လူသားဘဝမှ လွတ်မြောက်စေခဲ့ပြီး နှစ်သက်သူကို ရွေးချယ်လက်ထပ်ခွင့်၊ အလုပ်လုပ်ခွင့်၊ ဦးဆောင်ခွင့်များပေးပြီး ဂုဏ်သိက္ခာရှိသူများအဖြစ် မြှင့်တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်အရောက်မှာတော့ ဝဟာဗီအေမာမ်တွေဟာ အမျိုးမျိုးသောနည်းလမ်းများဖြင့် အမျိုးသမီးများရဲ့ဘဝကို တစ်ဆင့်နိမ့်လူသားများအဖြစ် ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ဝဟာဗီများဟာ အဘယ့်ကြောင့် သမီးမိန်းကလေးများကို အရှင်လတ်လတ် မြှုတ်နှံတဲ့ အဖြစ်သို့ တဖန်ပြန်တွန်းပို့နေရတာပါလဲ။
ဒီကနေ့ ကမ္ဘာပေါ်မှာ အစ္စလာမ့်ပုံစံစစ်စစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံမရှိပါဘူး။ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းဟာ အစ္စလာမ်သာသနာ မတိုင်မီကရှိနေတဲ့ အမှောင်ခေတ်လိုဖြစ်နေပါတယ်။ ဘုရင်မင်းမြတ်အနေနဲ့ နိုင်ငံအတွင်းမှာ အမျိုးသမီးများကားမောင်းခွင့်၊ မဲပေးခွင့်.... စတာတွေကို ခွင့်ပြုပေးခြင်းဖြင့် ပုရိသကြီးစိုးတဲ့ ဝါဒကိုတိုက်ဖျက်ပြီး ကျား/မတန်းတူအခွင့်အရေးကို ဖန်တီးပေးနိုင်တဲ့ အခွင့်အာဏာကို အသုံးပြုပြီး ISIS ၊ တာလီဘန်နဲ့ ဘိုကိုဟာရမ်တို့ရဲ့ လွဲမှားတဲ့ ဘာသာရေးအယူအဆတွေကို တိုက်ဖျက်ပေးစေလိုပါတယ်။
ပြုပြင်ပြောင်းလဲမှုကို လိုလားတဲ့ ဆော်ဒီနိုင်ငံသား ယောက်ျား၊မိန်းမတွေကို အကျဉ်းချမည့်အစား သူတို့ကို လွတ်လပ်စွာပြောဆိုခွင့်ပေးခြင်းအားဖြင့် ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော မွတ်စ်လင်မ်ယောက်ျား၊မိန်းမတွေရဲ့ ဘဝကို သိသိသာသာ ပြောင်းလဲပစ်လိုက်နိုင်ပါတယ်။
မင်ဘရ်တရားဟောစင်ကနေ မွတ်စ်လင်မ်အချင်းချင်းအပေါ် ဓမ္မသတ်ပေး ခွဲခြားသတ်မှတ်မှုများ၊ ဖန်ဆင်းရှင်ကဲ့သို့ အပြစ်ပေးမှုများကိုလည်း ရပ်တန့်သင့်ပါပြီ။မဟာတမန်တော်မြတ် ﷺ လက်ထက်က စွန္နီ၊ရှီအာနှင့် အခြားဂိုဏ်းဂဏများ မရှိခဲ့ယုံမျှမက မွတ်စ်လင်မ်များနှင့်အတူ အခြားဘာသာဝင်များဟာ မဟာတမန်တော်မြတ် ﷺ ရဲ့ အကာအကွယ်အောက်မှာ ဂုဏ်သိက္ခာရှိစွာ နေထိုင်ခဲ့ကြတာ ဘုရင်မင်းမြတ်ရဲ့ နိုင်ငံမှာပါ။ ဖန်ဆင်းရှင်ရဲ့ ရှေ့တော်မှောက်မှာ လူသားအားလုံးဟာ အတူတူပဲဖြစ်ကြောင်း ကျမ်းမြတ်ကွရ်အာန်(၄၉:၁၃) မှာ အတိအလင်းဆိုထားပါတယ်။ ကမ္ဘာ့လူသားများရဲ့ အတွေးအမြင်များကို လာရောက်ဖလှယ်ရာဒေသအဖြစ် ဆော်ဒီအာရေဗီးယားကို စိတ်ကူးဖြင့် ပုံဖေါ်ကြည့်စေလိုပါတယ်။
မွတ်စ်လင်မ်ကမ္ဘာဟာ မဟာတမန်တော်မြတ် ﷺ မနှစ်မြို့ခဲ့တဲ့ အာဏာ၊ ငွေကြေးတို့နဲ့ ပျက်စီးနေပါပြီ။ အကျင့်ပျက်ခြစားမှုများမှ ကင်းဝေးပြီး ကောင်းမွန်သောအစိုးရများ အုပ်ချုပ်တဲ့ မွတ်စ်လင်မ်ကမ္ဘာမှာ ISIS တို့လို အစ္စလာမ်ကို ပုံဖျက်နေသူတွေ မရှင်သန်နိုင်ပါဘူး။ ဒီကနေ့ မွတ်စ်လင်မ်ကမ္ဘာမှာရှိနေတဲ့ အနိဌာရုံတွေအားလုံးရဲ့ တရားခံဟာ ဆော်ဒီအာရေဗီးယာက ဝဟာဗီအယူအဆပါ။ ဘုရင်မင်းမြတ်မှာ ဒီအယူအဆကို အမြစ်ကနေဆွဲနှုတ်နိုင်စွမ်းရှိပြီး OIC အပါအဝင် ဘာသာရေးစာသင်ကျောင်းများမှတဆင့် မွတ်စ်လင်မ်ကမ္ဘာကို ကယ်တင်ပေးပါ။ သန်းပေါင်းများစွာသော ဟာဂျီများမှတဆင့် ဝဟာဗီအယူအဆကို တိုက်ဖျက်သည့် သတင်းစကားများကို ကမ္ဘာအနှံ့သို့ ပို့ဆောင်ပေးပါ။
အစ္စလာမ်ဘာသာမှာ သာသနာပိုင် မရှိပေမဲ့လည်း ကအ်ဘာကျောင်းတော်နှင့် မတ်စ်ဂျစ်နဗဝီ ဆိုတဲ့ အမြတ်ဆုံးဝတ်ကျောင်းတော်များကို ထိန်းသိမ်းစောင့်ရှောက်သူဆိုတဲ့ ထည်ဝါတဲ့ ဂုဏ်ပုဒ်ကို အသုံးချပြီး မွတ်စ်လင်မ်ကမ္ဘာကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးစေလိုပါတယ်။
Kyaw Win
14 May, 2015
0 comments:
Post a Comment